မာတိကာသို့ ခုန်သွားရန်

၂၀၂၆ လက်ဘနွန် စစ်ပွဲ

ဝီကီပီးဒီးယား မှ
၂၀၂၆ လက်ဘနွန် စစ်ပွဲ
ဟစ်ဇ်ဘိုလာ-အစ္စရေး ပဋိပက္ခ (၂၀၂၃–လက်ရှိ) နှင့် ၂၀၂၆ အီရန် စစ်ပွဲ၏ တစ်စိတ်တစ်ပိုင်း

     အစ္စရေး

     အစ္စရေး သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်      လက်ဘနွန်အတွင်းရှိ ဟစ်ဇ်ဘိုလာများ ရှိရာနေရာ      အစ္စရေး၏ ထိန်းချုပ်မှုအောက်ရှိ လက်ဘနွန်နယ်မြေ      ဆီးရီးယား

  လီတာနီမြစ်
ရက်စွဲ၂ မတ် ၂၀၂၆ (၂၀၂၆-၀၃-၀၂) – လက်ရှိ
(၂၃၈ ရက်)
နေရာလက်ဘနွန်နိုင်ငံ နှင့် အစ္စရေးနိုင်ငံ
အခြေအနေ

၂၀၂၆ ဧပြီ ၁၆ ရက်မှစ၍ ယာယီအပစ်အခတ်ရပ်စဲထားသည်

  • အစ္စရေး၏ မြေပြင်စစ်ဆင်ရေးများကို ၂၀၂၆ မတ် ၁၆ တွင် စတင်ခဲ့
  • လက်ဘနွန် အထွေထွေရွေးကောက်ပွဲကို ၂၀၂၈ သို့ ရွှေ့ဆိုင်းခဲ့
  • အစ္စရေးနှင့် လက်ဘနွန်အကြား ၁၀ ရက်ကြာ အပစ်ရပ်ရန် သဘောတူညီခဲ့
စစ်ရင်ဆိုင်သူများ
  • ဟစ်ဇ်ဘိုလာ
  • အာမယ်လ် လှုပ်ရှားမှု [၁]
    အာမယ်လ်အဖွဲ့ဝင်များကိုလည်း အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများတွင် ပစ်မှတ်ထားခဲ့သည်။ [၂]
  • အစ္စရေး၏ တိုက်ခိုက်ခြင်းခံရသူများ:
    • ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့
    • ဟားမတ်စ်
    • အစ္စလာမ္မစ်အုပ်စု (လက်ဘနွန်)[၃]
 အစ္စရေး
ဟစ်ဇ်ဘိုလာ၏ တိုက်ခိုက်ခြင်းခံရသူများ:
 ဆီးရီးယား
စစ်ပွဲစတင်ပြီးနောက် ဆီးရီးယားသည် ဟစ်ဇ်ဘိုလာတို့ လက်နက်ဖြုတ်သိမ်းရေးကို ထောက်ခံသဖြင့် ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ [၄]
 လက်ဘနွန်
အစ္စရေး၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် လက်ဘနွန်စစ်သည်အချို့ သေဆုံးခဲ့ရသည်။[၅]
ကုလသမဂ္ဂ UNIFIL
၁၉၇၈ ခုနှစ်ကတည်းက လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးနှင့် လက်ဘနွန်အကြား ကြားခံအဖြစ် ချထားသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ ဖြစ်သည်။
အသေအပျောက်
ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၄၀၀+ သေဆုံး (ဟစ်ဇ်ဘိုလာဘက်မှ)[၆]
ဟစ်ဇ်ဘိုလာ ၁၂ ဦး အဖမ်းခံရ
ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ~၁,၇၀၀ သေဆုံး (အစ္စရေးဘက်မှ)[၇]
အစ္စရေးစစ်သည် ၁၄ ဦး သေဆုံး
အစ္စရေးစစ်သည် ၄၁၁ ဦး ဒဏ်ရာရ
လက်ဘနွန်စစ်သည် ၂၂ ဦးထက်မနည်း သေဆုံး
အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး
ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
လက်ဘနွန်ဘက်တွင် ၂,၁၆၇ ဦး သေဆုံး၊ ၇,၀၆၁ ဦး ဒဏ်ရာရ
နေရပ်စွန့်ခွာသူ ၁,၂၀၀,၀၀၀ ကျော်
အစ္စရေးဘက်တွင် အရပ်သား ၂ ဦး သေဆုံး

၂၀၂၆ လက်ဘနွန် စစ်ပွဲ (အင်္ဂလိပ်: 2026 Lebanon War) သည် အစ္စရေးနိုင်ငံ နှင့် လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့အကြား ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခတစ်ခုဖြစ်သည်။ ယင်းစစ်ပွဲသည် ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော ဟစ်ဇ်ဘိုလာ-အစ္စရေး ပဋိပက္ခ (၂၀၂၃–လက်ရှိ) ၏ နောက်ဆက်တွဲနှင့် ၂၀၂၆ အီရန် စစ်ပွဲ ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။[၈]

စစ်ပွဲအတွင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ က လက်ဘနွန်တောင်ပိုင်းသို့ မြေပြင်စစ်ဆင်ရေးများ ဆင်နွှဲခဲ့ပြီး၊ ဟစ်ဇ်ဘိုလာတို့ကလည်း အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည်များဖြင့် ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့သည်။ ဤပဋိပက္ခတွင် ဟစ်ဇ်ဘိုလာနှင့်အတူ လက်ဘနွန်ရှိ အာမယ်လ် လှုပ်ရှားမှု၊ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ နှင့် ဟားမတ်စ် အဖွဲ့တို့က ပူးပေါင်းပါဝင်ခဲ့ကြသည်။ တစ်ဖက်တွင်လည်း ဟစ်ဇ်ဘိုလာတို့က ၎င်းတို့အား လက်နက်ဖြုတ်သိမ်းရေးကို ထောက်ခံသည့် ဆီးရီးယားနိုင်ငံ စစ်စခန်းများကို တိုက်ခိုက်ခဲ့သဖြင့် ပဋိပက္ခနယ်ပယ် ပိုမိုကျယ်ပြန့်လာခဲ့သည်။[၉]

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် အစ္စရေးနှင့် လက်ဘနွန်အကြား ၁၀ ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သော်လည်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ ဤစစ်ပွဲကြောင့် လက်ဘနွန်ဘက်တွင် လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁.၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ လက်ဘနွန်နိုင်ငံ၏ ယခုနှစ်ထဲ ပြုလုပ်ရန်စီစဉ်ထားသော လက်ဘနွန် အထွေထွေ ရွေးကောက်ပွဲ ကိုလည်း ၂၀၂၈ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသည်။[၁၀]

နောက်ခံအကြောင်းအရင်းနှင့်ထင်ရှားဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ဟစ်ဇ်ဘိုလာ (Hezbollah') ဆိုသည်မှာ အီရန်နိုင်ငံ က နောက်ခံရပ်တည်ပေးထားသည့် ရှီအာ အစ္စလာမ္မစ် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး လက်ဘနွန်နိုင်ငံ တွင် အခြေစိုက်သည်။ "ဟစ်ဇ်ဘိုလာ" ဟူသော အမည်သည် "ဘုရားသခင်၏ ပါတီ" (Party of God) ဟု အဓိပ္ပာယ်ရသည်။[၁၁]

ယင်းအဖွဲ့ကို ၁၉၉၂ ခုနှစ်မှ စတင်၍ ဟာဆန် နက်စ်ယဲလာ က ဦးဆောင်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ၎င်းလုပ်ကြံခံရပြီးနောက်ပိုင်း နာအင်မ် ကာဆင် က ဆက်လက်ဦးဆောင်လျက်ရှိသည်။ ဟစ်ဇ်ဘိုလာသည် လက်ဘနွန်နိုင်ငံ၏ နိုင်ငံရေးစနစ်တွင် ဩဇာကြီးမားသော အဖွဲ့အစည်းဖြစ်ပြီး အစ္စရေးနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဓိကလက်နက်ကိုင်အဖွဲ့လည်း ဖြစ်သည်။[၁၂]

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား တိုက်ပွဲများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ဂါဇာစစ်ပွဲ ကို တုံ့ပြန်သည့်အနေဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းပဋိပက္ခသည် ပိုမိုပြင်းထန်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အစ္စရေး၏ လက်ဘနွန်တောင်ပိုင်းသို့ ကျူးကျော်ဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သော်လည်း အဆိုပါ သဘောတူညီချက်မှာ ရေရှည်မတည်တံ့ခဲ့ပေ။[၁၃]

အစ္စရေးနိုင်ငံသည် လက်ဘနွန်နိုင်ငံအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ဆက်လက်လုပ်ဆောင်ခဲ့သဖြင့် အရပ်သား ၁၂၇ ဦးအပါအဝင် လူပေါင်း ၅၀၀ ခန့် သေဆုံးခဲ့သည်ဟု သတင်းများတွင် ဖော်ပြခြင်းခံရသည်။ တစ်ဖက်တွင်လည်း ဟစ်ဇ်ဘိုလာတို့သည် ၎င်းတို့၏ စစ်ရေးအခြေခံအဆောက်အအုံများနှင့် လက်နက်တိုက်များကို ပြန်လည်တည်ဆောက်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု အစ္စရေးဘက်က စွပ်စွဲခဲ့သည်။ ဤကဲ့သို့ တင်းမာမှုများနှင့် ဆက်ရှိနေခဲ့ရာမှ ၂၀၂၆ ခုနှစ် မတ်လတွင် စစ်ပွဲအသစ် တစ်ကျော့ပြန် စတင်ခဲ့ခြင်း ဖြစ်သည်။[၁၄]

တစ်ဖက်တွင်လည်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုတို့က ဟစ်ဇ်ဘိုလာတို့၏ အဓိကကျောထောက်နောက်ခံဖြစ်သော အီရန်နိုင်ငံ အပေါ် စစ်ကြေညာခဲ့ပြီး အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ ကို လုပ်ကြံခဲ့သည်။ ယင်းဖြစ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် ဟစ်ဇ်ဘိုလာတို့က အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာမှ ၂၀၂၆ လက်ဘနွန်စစ်ပွဲ စတင်ခဲ့ခြင်းလည်း ဖြစ်သည်။ အစ္စရေးကလည်း မြို့တော် ဘေရွတ်မြို့ အပါအဝင် လက်ဘနွန်တစ်ဝန်းလုံးကို လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။

မတ်လ ၁၆ ရက်နေ့တွင် အစ္စရေးတပ်မတော်သည် လက်ဘနွန်တောင်ပိုင်းသို့ မြေပြင်စစ်ဆင်ရေးများ စတင်ခဲ့ပြီး တပ်မ (၅) ခုအထိ အသုံးပြု၍ ကျူးကျော်ဝင်ရောက်ခဲ့သည်။ တိုက်ပွဲများအတွင်း ဟစ်ဇ်ဘိုလာတို့က အစ္စရေးနိုင်ငံအတွင်းသို့ ဒရုန်းများနှင့် ဒုံးကျည်ပေါင်း ၂,၀၀၀ ကျော် ပစ်ခတ်ခဲ့ပြီး၊ အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်း၊ ဘေရွတ်နှင့် ဘီကာတောင်ကြား တို့ကို ရာနှင့်ချီသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ လက်ဘနွန်တောင်ပိုင်းကို အခြားဒေသများနှင့် အဆက်အသွယ်ပြတ်တောက်စေရန် လီတာနီမြစ်ပေါ်ရှိ အဓိကတံတားများကိုလည်း အစ္စရေးက ဗုံးကြဲဖျက်ဆီးခဲ့သည်။ လက်ဘနွန်တောင်ပိုင်းရှိ ဘင့်တ်ဂျဘေးလ်မြို့ သည် မြေပြင်တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပွားရာ ဗဟိုချက်မ ဖြစ်လာခဲ့သည်။မတ်လ ၂၄ ရက်နေ့တွင် အစ္စရေးကာကွယ်ရေးဝန်ကြီးက လက်ဘနွန်နယ်စပ်ရှိ အခြေချနေထိုင်မှုများကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်းနှင့် လီတာနီမြစ်အထိ လက်ဘနွန်တောင်ပိုင်းဒေသများကို သိမ်းပိုက်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[၁၅]

လက်ဘနွန်အစိုးရသည် နိုင်ငံတော်ကို အန္တရာယ်ဖြစ်စေပြီး အခြေခံအဆောက်အအုံများကို ပျက်စီးစေသည့် ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှုများကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့အပြင် ဟစ်ဇ်ဘိုလာတို့၏ စစ်ရေးလှုပ်ရှားမှုများကို ပိတ်ပင်ရန် လုပ်ဆောင်ခဲ့ပြီး၊ ၎င်းတို့၏ လက်နက်များကို အစိုးရထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းရန်နှင့် ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်ခြင်းများကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ တစ်ဖက်တွင်လည်း လက်ဘနွန်အစိုးရသည် အစ္စရေး၏ နယ်မြေသိမ်းယူမှု အစီအစဉ်နှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများကိုလည်း ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။[၁၆]

ဧပြီလအတွင်းတွင် အီရန် နှင့် အမေရိကန်-အစ္စရေးတို့အကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီး ဟစ်ဇ်ဘိုလာတို့ကလည်း ၎င်းတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အဆိုပါ အပစ်အခတ်ရပ်စဲရေးသည် လက်ဘနွန်နှင့် မသက်ဆိုင်ကြောင်း ပြောကြားခဲ့ရာ ယင်းမှာ အီရန်နှင့် ကြားဝင်စေ့စပ်ပေးသူ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှရစ်ဖ် တို့၏ ပြောကြားချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။ အပစ်ရပ်စဲရေး ကြေညာပြီး နာရီပိုင်းအကြာမှာပင် အစ္စရေးသည် စစ်ပွဲအတွင်း အကြီးမားဆုံးသော လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သဖြင့် လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့သည်။[၁၇]

နောက်ဆုံးတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့၌ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် က အစ္စရေးနှင့် လက်ဘနွန်တို့အကြား ၁၀ ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။[၁၈][၁၉]

တိုက်ပွဲစတင်ဖြစ်ပွားခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ နှစ်ဖက်စလုံးက တစ်ဖက်မှ အရင်စတင် ရန်စခဲ့ခြင်းဖြစ်သည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။အစ္စရေးဘက်၏ ထုတ်ပြန်ချက်အရ မတ်လ ၂ ရက်နေ့ အစောပိုင်းတွင် ဟစ်ဇ်ဘိုလာတို့က အစ္စရေးမြောက်ပိုင်းရှိ စစ်တပ်စခန်းများကို ဒုံးကျည်အမြောက်အမြားဖြင့် စတင်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ဟစ်ဇ်ဘိုလာဘက်ကမူ အစ္စရေးသည် လက်ဘနွန်နယ်စပ်ကို ကျူးကျော်ရန် ပြင်ဆင်နေပြီး ၎င်းတို့၏ နယ်မြေထဲ ကင်းထောက်ဒရုန်းများဖြင့် လာရောက် နှောင့်ယှက်ခဲ့သည့်အပြင် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာများကိုလည်း အစ္စရေးက အရင်ပစ်ခတ်ခဲ့သည့်အတွက် ပြန်လည်တုံ့ပြန်ခဲ့သည်။[၂၀]

မတ်လ ၃ ရက်နေ့ အခြေအနေနှင့် ပဋိပက္ခ ကျယ်ပြန့်လာခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် အစ္စရေးတပ်မတော်သည် လက်ဘနွန်တောင်ပိုင်းသာမက မြို့တော် ဘေရွတ်မြို့ ကိုပါ ပစ်မှတ်ထား၍ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို ကလည်း အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။[၂၁]

တစ်ဖက်တွင်လည်း အီရန်နိုင်ငံ သည် အစ္စရေး၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ပါရှန်းပင်လယ်ကွေ့နိုင်ငံများရှိ ပစ်မှတ်များကို စတင်တိုက်ခိုက်ခဲ့သည်။ အီရန်အစိုးရ၏ ထုတ်ပြန်ချက်အရ ဘာရိန်းနိုင်ငံ ရှိ အမေရိကန် လေတပ်စခန်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံ ရှိ အမေရိကန်သံရုံးကိုလည်း ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ ဤဖြစ်ရပ်များကြောင့် စစ်ပွဲသည် လက်ဘနွန်နှင့် အစ္စရေးနယ်နိမိတ်ကို ကျော်လွန်ကာ အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးသို့ ကူးစက်ကျယ်ပြန့်မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။[၂၂]

ဧပြီလအတွင်း ဖြစ်ရပ်များနှင့် ကြားခံဇုန် အငြင်းပွားမှု

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အစ္စရေးကာကွယ်ရေးဝန်ကြီးက ဟစ်ဇ်ဘိုလာနှင့် ဖြစ်ပွားနေသော စစ်ပွဲပြီးဆုံးသွားသည့်တိုင်အောင် အစ္စရေး၏ လုံခြုံရေးအတွက် လက်ဘနွန်တောင်ပိုင်းရှိ နယ်မြေအတော်များများကို ဆက်လက်ထိန်းချုပ်ထားမည်ဖြစ်ပြီး၊ ထိုဒေသတွင် "ကြားခံဇုန်" တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ယင်းအစီအစဉ်အပေါ် လက်ဘနွန်အစိုးရက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး၊ ယင်းမှာ လက်ဘနွန်နယ်မြေများကို သိမ်းယူရန် ကြိုးပမ်းသည့် ကျူးကျော်မှုအသစ်သာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ထို့အတူ ကုလသမဂ္ဂ၊ ဥရောပနိုင်ငံများနှင့် ကနေဒါနိုင်ငံ တို့ကလည်း အစ္စရေး၏ အစီအစဉ်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ နယ်မြေတည်တံ့မှုကို ကျူးကျော်စော်ကားရာရောက်သည်ဟု ဝေဖန်ခဲ့ကြသည်။ သို့သော်လည်း အစ္စရေးဘက်ကမူ ၎င်းတို့၏ မြောက်ပိုင်းဒေသများ လုံခြုံစေရန်အတွက် ယင်းကြားခံဇုန်မှာ မဖြစ်မနေ လိုအပ်သည်ဟု ဆက်လက်ရပ်တည်ခဲ့သည်။[၂၃]

နောက်ဆက်တွဲဖြစ်ရပ်များ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှ စတင်ခဲ့သော စစ်ပွဲကြောင့် လက်ဘနွန်နိုင်ငံတစ်ဝန်းတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးတစ်ခု ပေါ်ပေါက်ခဲ့သည်။ စစ်ပွဲအတွင်း ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများနှင့် အရပ်သားပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း ထောင်နှင့်ချီ၍ ရှိခဲ့သည်။တိုက်ပွဲများကြောင့် လက်ဘနွန်နိုင်ငံ လူဦးရေ၏ ၂၀ ရာခိုင်နှုန်း (လူပေါင်း ၁.၂ သန်းကျော်) သည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ အထူးသဖြင့် လက်ဘနွန်တောင်ပိုင်းရှိ မြို့ရွာများမှ ဒေသခံများသည် ဘေးကင်းရာ ဘေရွတ်မြို့နှင့် မြောက်ပိုင်းဒေသများသို့ တိမ်းရှောင်ခဲ့ကြရပြီး အစားအစာ၊ ဆေးဝါးနှင့် ခိုလှုံရာနေရာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များက ယင်းအခြေအနေကို ဆိုးရွားသော လူသားချင်းစာနာမှုဆိုင်ရာ ဘေးအန္တရာယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။[၂၄]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Involvement of the Amal Movement in the Fighting Against Israel Alongside Hezbollah (in en-US) (5 April 2026)။ 9 April 2026 တွင် ပြန်စစ်ပြီး။
  2. ↑ Israel Killed Over a Dozen Lebanese Paramedics in Three Days (in en) (16 March 2026)။ 19 March 2026 တွင် ပြန်စစ်ပြီး။
  3. ↑ Seth J. Frantzman (4 March 2026)။ Lebanon Islamic Group claims headquarters targeted by IDF strikes။ The Jerusalem Post။ 4 March 2026 တွင် ပြန်စစ်ပြီး။
  4. ↑ "Shells Fired From Lebanon Land West of Syrian Capital"၊ The New York Times၊ 10 March 2026။
  5. ↑ "Lebanese army thrust into Israel's war on Hezbollah" (in en)၊ The National။
  6. ↑ "More than 400 Hezbollah fighters killed"၊ Reuters၊ 27 March 2026။
  7. ↑ Horovitz၊ Michael။ "Opposition decry imposed ceasefires"၊ The Times of Israel၊ 2026-04-16။
  8. ↑ War Intensifies in Lebanon | Council on Foreign Relations (in en) (2026-03-06)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  9. ↑ Duggal၊ Hanna။ How Israel’s invasion of southern Lebanon created a humanitarian crisis (in en)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  10. ↑ Ward၊ Euan။ "Lebanon-Israel Cease-Fire Goes Into Effect" (in en-US)၊ The New York Times၊ 2026-04-16။
  11. ↑ လက်ဘနွန်က ဟစ်ဇ်ဘိုလာ ဆိုတာ ဘယ်သူတွေလဲ (in my) (2023-10-18)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  12. ↑ What Is Hezbollah? | Council on Foreign Relations (in en) (2026-04-17)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  13. ↑ BERNAMA (2026-02-03)။ Hezbollah Claims Rocket, Drone Strike On Israeli Missile Defence Site Near Haifa (in en)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  14. ↑ Israel sends more troops to southern Lebanon to expand ground offensive (in tr) (2026-04-07)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  15. ↑ Christou၊ William။ "Israel faces stiff Hezbollah resistance as it attempts to push deeper into Lebanon" (in en-GB)၊ The Guardian၊ 2026-03-18။
  16. ↑ Durie၊ Yashraj Sharma,Zaid Sabah,Lyndal Rowlands,Mariamne Everett,Urooba Jamal,Federica Marsi,Alex Milan။ Iran war updates: Pakistani army chief in Tehran in bid to restart US talks (in en)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  17. ↑ လက်ဘနွန်နှင့် အစ္စရေးကြား ဆယ်ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် စတင်အသက်ဝင် (in my)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  18. ↑ ■ လက်ဘနွန်နှင့်အစ္စရေးတို့ ဝါရှင်တန်တွင် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်မည် (in my)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  19. ↑ Staff၊ Al Jazeera။ Trump says Israel and Lebanon agree to temporary ceasefire (in en)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  20. ↑ Staff၊ Al Jazeera။ Netanyahu says US-Iran ceasefire ‘does not include Lebanon’ (in en)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  21. ↑ ဘေရွတ်နဲ့ တဟီရန်ကို အစ္စရေး ထပ်မံတိုက်ခိုက် (in my) (2026-03-03)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  22. ↑ အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းသို့ မြေပြင်မှ စစ်ဆင်ရေးဝင်ရောက် (in en)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  23. ↑ လက်ဘနွန်ထဲမှာ ကြားခံဇုန် ထားဖို့ အစ္စရေး စီစဉ် (in my) (2026-04-01)။ 2026-04-18 တွင် ပြန်စစ်ပြီး။
  24. ↑ Chehayeb၊ Kareem (2026-03-14)။ War has already displaced nearly a million Lebanese. Aid groups warn of a humanitarian crisis (in en-US)။ 2026-04-18 တွင် ပြန်စစ်ပြီး။