မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ အမေ့ခံဖြစ်ပါသည်။
မောင်ဥယျာဉ်ရေးသည်။
အလံတိုင်ရှေ့မှာ အတူရပ်ခဲ့ကြဖူးပါသလား။ အလံတိုင်တစ်ခုထဲအောက်မှာ တွဲလက်တွေခိုင်မြဲခဲ့ကြဖူးပါသလား။ တလူလူလွင့်နေတဲ့အလံတော်အောက်မှာ သစ္စာဓိဋ္ဌာန်တွေ သံပြိုင်ဆိုခဲ့ကြဖူးသလား။ ကမ္ဘာပေါ်က ရှိသမျှလူသားတိုင်း အလံတစ်ခုခုနဲ့ ဆက်စပ်ပတ်သက်နေလေ့ရှိတယ်။ နိုင်ငံသားတိုင်းမှာ နိုင်ငံတော်အလံဆိုတာ ရှိကြစမြဲမဟုတ်လား။ နိုင်ငံမဲ့ဖြစ်နေစေဦးတော့ အသင်း
အဖွဲ့တစ်ခုခုမှာ ပါဝင်ပတ်သက်မှုရှိခဲ့ရင် အလံနဲ့မလွတ်ကင်းနိုင်တော့ဘူး။ လူမျိုးရဲ့ အလံ၊ အသင်းအပင်းရဲ့ အလံ၊ နေရာဒေသရဲ့ အလံစသဖြင့် အမျိုးမျိုးအဖုံဖံ ုရှိနိုင်တယ်။
အလံတွေရဲ့ အဓိပ္ပာယ်တွေက ကျယ်ပြောလွန်းလှတယ်။ နယ်နိမိတ်ကို ဖော်ပြတာလည်းရှိသလို ဩဇာအာဏာသက်ရောက်မှုရှိကြောင်း ဖော်ပြရာမှာလည်း အလံကိုအသုံးပြုကြတယ်။ နိုင်ငံကိုကိုယ်စားပြုတဲ့အခါမှာလည်း အလံတွေကိုအသုံးပြုလေ့ရှိတယ်။ အောင်မြင်ကြောင်း ဖော်ပြချင်တဲ့အခါ အလံစိုက်လိုက်ကြတာလည်း ရှိတာပေါ့။ တစ်ဖွဲ့တည်း၊ တစ်စုတစ်စည်း တည်း၊ တစ်စိတ်တစ်ဝမ်းတည်းရှိကြောင်း ပြသရာမှာလည်း အလံကိုအသုံးပြုကြပါတယ်။ ဒီနေ့အချိန်အထိ ကမ္ဘာပေါ်မှာ နိုင်ငံတော်အလံ မရှိတဲ့တိုင်းပြည်ရယ်လို့ မရှိသေးဘူး။

ကျွန်တော်တို့နိုင်ငံမှာလည်း နိုင်ငံတော်အလံရှိသလို အသင်းအဖွဲ့အသီးသီးကလည်း သူတို့သက်ဆိုင်ရာ အသင်းအဖွဲ့အလိုက် သတ်မှတ်ထားတဲ့ အလံတွေရှိကြတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အလံသည်ပင် ခေတ်အမျိုးမျိုး စနစ်အထွေထွေကို ဖြတ်သန်းခဲ့ပြီး အလံတွေလည်း အကြိမ်ကြိမ်အလီလီ ပြောင်းလဲခဲ့ကြပြီးပြီ။ ကဒေါင်းအလံမှသည် အခုလက်ရှိသုံးနေတဲ့ ဝါစိမ်းနီသုံးရောင်ခြယ်ရဲ့ အလယ်ဗဟိုမှာ ကြယ်ဖြူတစ်လုံးပါတဲ့ အလံအထိ ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။
အလံတိုင်ရှေ့မှာ ပထမဆုံးအကြိမ် စနစ်တကျ စုဝေးပြီး အလေးပြုခဲ့တာက ပဉ္စမတန်းကျောင်းသားဘဝ ကျောင်းပြန်ဖွင့်တဲ့ရက်ပါ။ မူလတန်းကျောင်းသားဘဝတုန်းက အလံရှိခဲ့ပေမယ့် အလံတင်၊ အလံချ၊ အလံသိမ်း စတဲ့တာဝန်တွေကို ကျောင်းအုပ်ကြီးက သူ့ဘာသာပဲ လုပ်ခဲ့တယ်။ ကျောင်းသား၊ ကျောင်းသူတွေ အလံတိုင်ရှေ့မှာ စုဝေးတဲ့ အဆမ်ဘလီ (စုဝေးသဘင်) လည်း မရှိ ခဲ့ဘူး။ ကျောင်းသား၊ ကျောင်းသူတွေကို မှာစရာ၊ ဆုံးမပဲ့ပြင်စရာ ရှိရင်လည်း အတန်းထဲမှာ စာသင်ရင်း ပြောသွားတာပါပဲ။
လေးတန်းအောင်လို့ ငါးတန်းတက်တဲ့နှစ်မှာ အဆမ်ဘလီ နဲ့ နဖူးတွေ့ ဒူးတွေ့တွေ့ရတော့တာပါပဲ။ ပထမဆုံးကျောင်းစဖွင့်တဲ့ရက် ကျောင်းတက်ခေါင်းလောင်းလည်းထိုးရော ကိုယ်တက်ရမယ့် အခန်းကို အပြေးအလွှား သွားကြရတယ်။ ကျွန်တော်တို့ အခန်းထဲက ကျောင်းသားအားလုံးကို အတန်းပိုင်ဆရာမ ဦးဆောင်ပြီး အဆမ်ဘလီကွင်းရှိရာကို သွားကြရတယ်။ အဆမ် ဘလီလုပ်ရာ ကွင်းကြီးက ကျောင်းအုပ်ကြီးရုံးခန်းရဲ့ ရှေ့တည့်တည့်၊ ဘောလုံးကွင်းတစ်ဝက်စာလောက်ကျယ်တယ်။ ကျောင်းအုပ်ကြီးရုံးခန်းရဲ့ ဘယ်ဘက်ကပ်လျက်အခန်းက ဆရာမများနားနေခန်း၊ ကျောင်းအုပ်ကြီးရုံးခန်းရဲ့ ညာဘက်က ဆရာများနားနေခန်း၊ ရုံးခန်းနဲ့ ကျောချင်းကပ်မှာ စာရေးအခန်းရှိတယ်။ အဲဒီတုန်းက အဆမ်ဘလီကွင်းကို ဘာလုပ်ဖို့သွားမှန်း မသိသေးဘူး။ ကျွန်တော်တို့လိုပဲ စာသင်ခန်းအသီးသီးက ကျောင်းသားတွေဟာ အတန်းပိုင်ဆရာမတွေဦးဆောင်ပြီး အဆမ်ဘလီကွင်းရှိရာကို နေရာယူကြရတယ်။ ကျောင်းသားကြီးတစ်ယောက်က ကျောင်းသားအားလုံးရဲ့ အလံတိုင်နဲ့ အနီးဆုံးနေရာမှာ မတ်မတ်ရပ်နေခဲ့တယ်။ ကျောင်းသားအားလုံးလည်း အဆမ်ဘလီကွင်းမှာ နေရာ ယူပြီးချိန်မှာ အလံတိုင်ရှေ့မှာ ရပ်နေတဲ့ ကျောင်းသားကြီးတစ်ယောက်ဆီက “အားလုံး သတိ” ဆိုတဲ့ အသံကျယ်ကြီး ထွက်ပေါ်လာတယ်။ ကွင်းထဲမှာရှိနေတဲ့ ဆရာ၊ ဆရာမတွေရော ကျောင်းသားတွေပါ သတိဆွဲလိုက်ကြတယ်။ အဲဒီနောက်မှာတော့ ကျောင်းအုပ်ကြီးအပါအဝင် ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေ နဲ့ ကျောင်းသားအားလုံးက နိုင်ငံတော်အလံနဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ကြီးတွေကို အလေးပြုကြရတာပါ။ တကယ်လို့ အဆမ်ဘလီ စီနေတုန်း ကျောင်းဝင်းထဲရောက်လာခဲ့ရင် ရောက်တဲ့နေရာမှာ စက်ဘီး ဒေါက်ထောက်ရပ်လို့ အလေးပြုကြရစမြဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘဝရောက်ချိန်မှာ အလေးပြုခဲ့ရတဲ့ အလံက အရွယ်တူကြယ်ဖြူ ၁၄ လုံးပါတဲ့အပြင် စပါးနှံနဲ့ စက်သွားလည်းပါတယ်။ အလံရဲ့အောက်ခံအရောင်က အနီရောင်ဖြစ်ပြီး အပေါ်ဝဲဘက်ထောင့်မှာ အပြာရောင်အောက်ခံဖြစ်ပါတယ်။ အလံတိုင်းမှာ ရည်ရွယ်ချက်တွေ ရှိကြရစမြဲ။ အရွယ်တူ ကြယ်ဖြူ ၁၄ လုံးက တိုင်းနဲ့ ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုပြီး စပါးနှံကတောင်သူလယ်သမားတွေကို ကိုယ်စားပြုတယ်။ စက်သွားတွေက အလုပ်သမားထုကို ရည်ညွှန်းတယ်။ အရောင်အသွေးတွေမှာလည်း သူ့အဓိပ္ပာယ်နဲ့သူရှိတယ်။ အနီရောင်ကရဲရင့်ခြင်း၊ အပြာရောင်ကတည်ကြည်ခြင်း၊ အဖြူရောင်ကသန့်ရှင်းစင်ကြယ်ခြင်း အဓိပ္ပာယ်တွေ ဆောင်ပါသတဲ့။
ကျွန်တော်တို့တစ်တွေ အလံတိုင်ရှေ့မှာ သစ္စာအဓိဋ္ဌာန်တွေလည်း ပြုခဲ့ကြသေးတယ်။ အဆမ်ဘလီရှိတဲ့ တနင်္လာနဲ့ သောကြာနေ့တိုင်း လူငယ်သစ္စာအဓိဋ္ဌာန်ကို ဆိုကြရတယ်။ လေးချက်လား၊ ငါးချက်လား ကောင်းကောင်း မမှတ်မိတော့ဘူး။ အလံတိုင်ရှေ့မှာ ရပ်နေတဲ့ ကျောင်းသားကြီးက “လူငယ်သစ္စာ အဓိဋ္ဌာန်လေးချက် (ငါးချက်) စဆို” လို့ အော်လိုက်တာနဲ့ ကျောင်းသားအားလုံးက ညီညီညာညာ ဆိုခဲ့ကြရတယ်။ ကျွနု်ပ်တို့သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ လူငယ့်သားကောင်း များဖြစ်အောင် ကျင့်ကြံနေထိုင်ပါမည်။ ကျွနု်ပ်တို့အား အထက်မှပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်း ဆောင်ပါမည်။ အဲဒီလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဦးထိပ်ထားကြောင်း သစ္စာအဓိဋ္ဌာန် ဆိုခဲ့ကြရတာပါပဲ။
ငါးတန်းနှစ် ကျောင်းဖွင့်ရာသီ အစပိုင်းတွေမှာတော့ လူငယ်သစ္စာအဓိဋ္ဌာန်ဆိုတာ ဘာတွေဆိုလို့ ဘာတွေအော်နေကြ မှန်း မသိပါဘူး။ ကျောင်းဖွင့်ရက်လေး အတော်ကြာလာမှ နားယဉ်ပြီး ဪ၊ ဒီလိုဆိုကြတာပါလားဆိုတာ သဘောပေါက်တော့တယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံရဲ့တစ်ခုတည်းသော ဦးဆောင်ပါတီ ဖြစ်ရမယ်လို့ အခြေခံဥပဒေက ပြဋ္ဌာန်းခဲ့သလို အုပ်ချုပ်ရေးအာဏာပိုင်များသည်ပင် ပါတီ၏လမ်းညွှန်မှုကို နာခံခဲ့ကြရတယ်။

မဆလခေတ်မှာ မူလတန်းကျောင်းသားအားလုံးနီးပါး တေဇလူငယ်၊ အလယ်တန်းရောက်တော့ ရှေ့ဆောင်လူငယ်၊ အထက်တန်းလည်း တက်ရော လမ်းစဉ်လူငယ် ဖြစ်တော့တာပါပဲ။ ကျွန်တော်တို့ကိုယ်တိုင်သည်ပင် ဘယ်အချိန်က ဘယ်လိုဝင်ခဲ့မှန်း မသိခဲ့ရဘူး။ ရပ်ကွက်တွေထဲမှာလည်း အရန်ပါတီဝင်တို့၊ တင်းပြည့်ပါတီဝင်တို့ ရှိတတ်ကြတယ်။ အရန်ပါတီဝင်တွေက အစည်းအဝေးတွေ ဘာတွေတက်စရာ မလိုပေမယ့် တင်းပြည့်ပါတီဝင်တွေကတော့ မြို့နယ်ပါတီယူနစ်က အခါအားလျော်စွာ ကျင်းပတဲ့ အစည်းအဝေးတွေ တက်ကြရတယ်။ ပြည်နယ်နဲ့တိုင်း အဆင့် ပါတီဝင်တွေကိုတော့ ဒေသပါတီကော်မတီလို့ခေါ်ပြီး ဗဟိုအဆင့်ကိုတော့ ဗဟိုဦးစီးကော်မတီလို့ ခေါ်ဝေါ်ခဲ့ကြတယ်။ မြို့နယ်ပါတီယူနစ်က လူတွေသည်ပင် သူ့ခေတ် သူ့အခါက တန်ခိုးဩဇာ သိပ်ကြီးတာပဲ။ တိုက်ပုံအင်္ကျီလေးဝတ်၊ ဦးထုပ် အဝိုင်းလေး ဆောင်း၊ ကြက်ကြောက်အိတ်လေး တကိုင်ကိုင်ဆို ဌာနဆိုင်ရာ အားလုံး မျက်နှာချိုသွေးကြရတယ်။
လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးသည်ပင်လျှင် တိုက်ပုံလေး ဝတ်၊ ဦးထုပ်အဝိုင်းလေး ဆောင်းပြီး တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲတို့၊ အလုပ်သမားတွေ့ဆုံပွဲတို့ တက်ရောက်အမှာစကား ပြောခဲ့တဲ့ပုံတွေ လမ်းစဉ်သတင်းတွေမှာ မျက်နှာဖုံးသတင်းအဖြစ်တွေ့မြင်နိုင်တယ်။ အဲဒီခေတ် အဲဒီအခါက လမ်းစဉ်ပါတီနဲ့အတူ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့တို့က တန်ခိုးဩဇာ ကြီးမားခဲ့ ကြတယ်။ ဘယ်လောက် တန်ခိုးထွားထွား သင်္ခါရသဘောကို ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်မှ မလွန်ဆန်နိုင်ခဲ့ကြဘူး။ အချိန်တန်လာတော့လည်း အားလုံးဟာ သမိုင်း ရေစီးထဲမှာ တလိမ့်ခေါက်ကွေး မျောပါကုန်ရတာပါပဲ။
ကျွန်တော်တို့ကျောင်းသားဘဝက ကျောင်းတိုင်းမှာ အသင်းလေးသင်းသာ ရှိခဲ့တယ်။ (အခုတော့ အသင်းငါး သင်း ဖြစ်သွားပါပြီ) ကျန်စစ်သား (အဝါရောင်)၊ ဘုရင့်နောင် (အစိမ်း ရောင်)၊ အလောင်းဘုရား (အနီရောင်)၊ ဗန္ဓုလ (အပြာရောင်) ဆိုပြီး အသင်းလေးသင်း ဖွဲ့ထားတယ်။ ကျောင်းသားတိုင်းကိုယ်ကျရာ အသင်းတစ်သင်းမှာ မဖြစ်မနေပါဝင်ရတယ်။ ဘယ်သူမှခြွင်းချက်မရှိဘူး။ အသင်းတာဝန်ကျတဲ့နေ့မှာ အခန်းသန့်ရှင်းရေးနဲ့ အခန်းထဲက သောက်ရေအိုးရေဖြည့်ဖို့ တာဝန်ယူကြရတယ်။ လူလေးဆယ်ရှိတဲ့ စာသင်ခန်းဆိုရင် တစ်သင်းကို ဆယ်ယောက် စီ တာဝန် ယူကြရပြီး အသင်းတိုင်းမှာ အသင်းခေါင်းဆောင် ရှိတယ်။ အသင်းခေါင်းဆောင်လေးယောက်ထဲကမှ အတန်းခေါင်းဆောင်မော်နီတာကို ပြန်ရွေးချယ်ရတယ်။ ကျွန်တော်တွေ့ကြုံခဲ့ဖူးတဲ့ မော်နီတာတော်တော်များများကတော့ ဗလတောင့်တောင့် ခပ်ထွားထွား ကျောင်းသားတွေသာများတယ်။ စာတော်တဲ့ ကျောင်းသားတွေ မော်နီတာလုပ်တာ မတွေ့ဖူးသလောက်ပဲ။ အဲဒီ မော်နီတာ တွေကပဲ ကျောင်းသားတွေကို ဆုံးမဖို့အတွက် ကြိမ်လုံးတွေ ဘာတွေ တကူးတက ယူလာပေးကြသေးတယ်။ အခုနေ ပြန်စဉ်းစား ကြည့်တော့ ကိုယ့်အုပ်ချုပ်မယ့် အတန်းပိုင်ဆရာမအတွက် လက်နက်တပ်ဆင်ပေးသူ (ကြိမ်လုံးယူလာသူ) က ကိုယ့်အချင်း ချင်းထဲက အတန်းခေါင်းဆောင်။ ပိုဆိုးတာက အတန်းခေါင်း ဆောင်က ဗလအားကိုးသူ ဖြစ်ပြီး ဉာဏ်အားကိုးသူ မဟုတ်ခဲ့ဘူး။ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ပညာရေးစနစ်က ပုံဖော်တယ် ဆိုရင် ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့ ပညာရေးက အဲဒီလို ပညာရေးပါပဲ။
ကျောင်းကောင်စီ ရွေးချယ်ပွဲတွေကတော့ စိတ်ဝင်စားစရာ ကောင်းလှတယ်။ ကျွန်တော်တို့ကို ရွေးကောက်ပွဲနဲ့ ကျွမ်း ဝင်ရင်းနှီးစေခဲ့တယ်။ ကျောင်းကောင်စီ ရွေးချယ်ခံရသူ အားလုံး ဟာ ဆယ်တန်းကျောင်းသားတွေချည်း ဖြစ်ကြပြီး အသင်းတစ် သင်းစီကတစ်ယောက်စီ အရွေးချယ်ခံဖို့ ပြိုင်ကြရတယ်။ ကျွန်တော်တို့ကျောင်းက အတန်းတိုင်းမှာ တန်းခွဲငါးခုစီ ရှိတယ်။ တန်း ခွဲတွေကို အေ၊ ဘီ၊ စီ၊ ဒီ၊ အီးလို့ ခွဲထားပြီး အေတန်းမှာ ထူးချွန် ကျောင်းသားတွေကို ထားလေ့ရှိတယ်။ အီးတန်းကတော့ နှစ်ကျကျောင်းသားတွေချည်း သီးသန့်ထားတယ်။ ကျောင်းကောင်စီ ရွေးချယ်ရာမှာ ဆယ်တန်းအေအခန်းက အသင်းခေါင်းဆောင် လေးယောက်ကိုသာ ရွေးချယ်လေ့ရှိတယ်။
ကျောင်းကောင်စီ ရွေးချယ်ပွဲတွေကိုတော့ ကျောင်းဖွင့်ပြီး တစ်လလောက်အတွင်းမှာ လုပ်ကြတာများတယ်။ ကျောင်း ကောင်စီရွေးချယ်ပွဲတွေကို ဆုပေးပွဲကျင်းပရာ ဟောလ်ခန်း အတွင်းမှာ လုပ်လေ့ရှိတယ်။ ကျောင်းမှာ ရှိတဲ့ ကျောင်းသားတိုင်း ကျောင်းကောင်စီရွေးချယ်ပွဲမှာ မဲပေးခွင့်ရှိတယ်။ ကျောင်း ကောင်စီအဖြစ် အရွေးချယ်ခံကြမယ့် ဆယ်တန်းအေက အသင်း ခေါင်းဆောင်လေးယောက်ဟာ ကိုယ့်အသင်းအလံရှေ့ ကိုယ်ရပ် ကြရတယ်။ အခမ်းအနားမှူးက ကျောင်းကောင်စီဝင်ပြိုင်ကြမယ့် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အရည်အချင်းကို ကျောင်း သားတွေ သိအောင် မိုက်ခရိုဖုန်းက တစ်ဆင့် ကြေညာပေးတယ်။ အများအားဖြင့် ဆယ်တန်းအေက လူတော်ကျောင်းသားတွေ ဖြစ်လို့ လူရည်ချွန် နှစ်ထပ်ကွမ်းတို့၊ လူရည်ချွန် သုံးထပ်ကွမ်းတို့ ချည်းပါပဲ။
ကျောင်းသားတွေရှေ့မှာ မဲပုံးထောင်ထားပြီး ကိုယ်ကြိုက် တဲ့အသင်းကို မဲပေးရွေးချယ်ခဲ့ကြရုံပါပဲ။ မဲအများဆုံးရတဲ့ အသင်းခေါင်းဆောင်က ကျောင်းကောင်စီဥက္ကဋ္ဌ ဖြစ်ပြီး ကျန် သုံးသင်းရဲ့ ခေါင်းဆောင်တွေက အဖွဲ့ဝင်တွေ ဖြစ်ကြတယ်။ အများအားဖြင့် ကျောင်းကောင်စီ ရွေးချယ်ချိန်တွေက ထမင်း စားကျောင်းဆင်းပြီး ကျောင်းပြန်တက်တဲ့အချိန်တွေမှာ လုပ်ကြ တာ များတယ်။ ပထမဆုံး ငါးတန်း (အေ၊ ဘီ၊ စီ၊ ဒီ၊ အီးမှာ တက် နေတဲ့) ကျောင်းသားတွေ ဟောလ်ခန်းစီ တန်းစီသွားကြပြီး မဲ ပေးရွေးချယ်ကြရတယ်။ မဲပေးပြီးရင် ကိုယ့်အတန်းကို ပြန်ကြရ တယ်။ ငါးတန်းပြီးရင် ခြောက်တန်း၊ ခုနစ်တန်း စသဖြင့် အတန်း စဉ်အလိုက် ဆယ်တန်းအထိ တစ်တန်းဝင် တစ်တန်းထွက် မဲပေး ရွေးချယ်ကြတယ်။ ကျောင်းသားတွေအားလုံး မဲပေးပြီးရင် မဲတွေ ကို မြင်သာထင်သာ ရေတွက်ကြတယ်။ မဲအများဆုံးရတဲ့ အသင်း ခေါင်းဆောင်ကို ကျောင်းကောင်စီဥက္ကဋ္ဌအဖြစ် ရွေးချယ်သတ် မှတ်လိုက်ကြပါတယ်။ နောက်တစ်နေ့ အဆမ်ဘလီမှာ ကျောင်း ကောင်စီဥက္ကဋ္ဌ အပါအဝင် ကျောင်းကောင်စီဝင် အသင်းခေါင်း ဆောင်လေးယောက်စလုံး ကျောင်းသားတွေအားလုံးရဲ့ ရှေ့ဆုံး မှာ နေရာယူပြီး နိုင်ငံတော်အလံကို အလေးပြုခဲ့ကြတယ်။ စာသင်နှစ်ပြီးဆုံးတဲ့အထိ ဆိုပါတော့။
ခေတ်ပြောင်းတော်လှန်ရေးကာလ တပ်ဦးအလံတော်တွေ ကလည်း မေ့ကောင်းစရာ အတိတ်တွေ မဟုတ်ဘူး။ အဲဒီအလံ တော်တွေအောက်မှာပဲ ယုံကြည်ချက်တူသူ စုခဲ့ကြပြီး အာဏာရှင်တွေကို တိုက်ထုတ်ခဲ့ကြတယ်။ အဲဒီအလံတော်ကို စွဲကိုင်လို့ ရည်ရွယ်ချက်တူသူတွေ စုဝေးပြီး ဒီမိုကရေစီပန်းတိုင်ကို ချီတက် ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရေးတော်ပုံကြီးရဲ့ တပ်ဦးအလံ တော်အောက်မှာ အားလုံးဟာ ရင်ချင်းအပ်လို့ ကျောချင်းကပ်ပြီး ဘုံရန်သူ အာဏာရှင်စနစ်ကို တိုက်ဖျက်ခဲ့ကြတယ်။
အလံတော်တွေထဲမှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့သက်ဆိုင်တဲ့အလံလည်းရှိသေးတယ်။ ပြည်ထောင်စု အလံတော် သယ်ယူရေးအဖွဲ့ရဲ့ အလံတော်ပါ။ လမ်းစဉ်ပါတီခေတ်မှာတော့ ပြည်ထောင်စု အလံတော်ဟာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုကို ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းခရီးတွေနဲ့ တစ်နယ်ဝင် တစ်နယ်ထွက် ခရီးရှည်ကြီးကို လူအား၊ ငွေအား၊ အချိန်အား အကုန်အကျခံပြီး သယ်ယူခဲ့ကြဖူးတယ်။ ကျွန်တော့် ဦးလေး ကျောင်းဆရာတစ်ယောက်က ပြည်ထောင်စုအလံတော်သယ်ယူ ရေးအဖွဲ့ထဲမှာ ပါဖူးတယ်။ ကျွန်တော်တို့မြို့ကို ပြည်ထောင်စုအလံ ရောက်လာတော့ သူ ဦးဆောင်တဲ့ ပညာရေးဝန်ထမ်း ဆယ့်လေး ငါးယောက်က ပြည်ထောင်စုအလံတော်ကို တစ်မိုင်နီးပါးသယ်ပြီး သတ်မှတ်နေရာကို ရောက်အောင် သယ်ခဲ့ကြတယ်။ သတ်မှတ် ထားတဲ့နေရာမှာ အသင့်စောင့်နေတဲ့ ပြည်ထောင်စုအလံတော် သယ်ယူရေး အခြားအဖွဲ့ထံ ပေးအပ်ကြရတယ်။ အဲဒီလိုနဲ့ ည အိပ်ရပ်နားဖို့ သတ်မှတ်ထားတဲ့နေရာ ရောက်သည့်တိုင်အောင် အလံတော် သယ်ယူရေးအဖွဲ့အသီးသီးက လက်ဆင့်ကမ်း သယ် ဆောင်ကြရတယ်။ ပြည်ထောင်စုအလံတော် မသယ်ယူမီမှာဘဲတစ်တောင်လောက်ရှိတဲ့ ဝါးဆစ်တိုလေးနဲ့ အစမ်းလေ့ကျင့်ရတာ၊ ဝတ်စုံပြည့် လေ့ကျင့်ရတာ ရှိခဲ့ဖူးတယ်။
ပြည်ထောင်စုအလံတော်က တစ်တောင်လောက် ငွေရိုး တပ်ဆင်ထားတဲ့ အလံတော်ခပ်သေးသေးပါ။ ငွေရိုး အလံ တော်ထဲမှာပဲ ပင်လုံစာချုပ်ကို လိပ်ပြီးထည့်ထားသလိုလို ပြောခဲ့ ဆိုခဲ့တာတွေ အရပ်ထဲမှာ ရှိခဲ့ဖူးတယ်။ ဟုတ်၊ မဟုတ်တော့ မသိဘူး။ ပြည်ထောင်စုအလံ သယ်ယူရာမှာ လက်နက်ကိုင် အစောင့်အကြပ်တွေ ပါသလို ညအိပ်ရပ်နားစဉ်မှာလည်း လက်နက်ကိုင်အစောင့်အကြပ်တွေနဲ့ နေ့ညမပြတ် စောင့်ကြပ်ခဲ့ကြတယ်။

ကျွန်တော်တို့ကျောင်းသားတွေလည်း ပြည်ထောင်စုနေ့ ရောက်ရင် ပြည်ထောင်စုအလံတော် ညအိပ်ရပ်နားရာ ရာပြည့်ကွင်းကို မနက်အစောကြီး ချီတက်အလေးပြုခဲ့ကြရတယ်။ ရာပြည့်ကွင်းသွားမယ့်နေ့ဟာ ဝေလီဝေလင်းမနက်အစောကြီးဖြစ်တာမို့ မိဘတွေကို ကျောင်းလိုက်ပို့ခိုင်းရတယ်။ အထက်တန်းကျောင်း အသီးသီးက ကျောင်းသူ၊ ကျောင်းသားတွေဟာ အုပ်ချုပ်သူ ဆရာ၊ ဆရာမတွေလိုက်ပါပြီး ပြည်ထောင်စုနေ့ ကျင်းပရာ ရာပြည့်ကွင်းထဲကို ချက်ပလက်ဗိုက်ပူကားကြီးတွေနဲ့ ရောက်လာကြတယ်။ ကွင်းအလယ်ကောင် စင်မြင့်ထက်က ငွေဖလားထဲမှာ ပြည်ထောင်စုအလံတော်က တလူလူ လွင့်နေတယ်။ ပြည် ထောင်စုအလံတော် အလေးပြုရတဲ့နေ့တွေက ဖေဖော်ဝါရီ ဒုတိယ ပတ်ထဲမှာ ကျင်းပလေ့ရှိတော့ မြောက်ပြန်လေ ဟူးဟူးရဲရဲ အောက်မှာ ခြေဖျားလက်ဖျားတွေ အေးစက်နေတာပဲ။
တစ်ခါတစ်ခါတော့လည်း အလံတော်တစ်ခုတည်း အောက်မှာ တွဲလက်မဖြုတ်စတမ်း သစ္စာအဓိဋ္ဌာန် အတူဆိုခဲ့ကြ တဲ့ မိတ်ဆွေတွေကို သတိရတယ်။ အထက်က ပေးအပ်တဲ့ တာ ဝန်နဲ့ ဝတ္တရားတွေကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခဲ့မိလို့ ကြေမွပျက်သုဉ်းခဲ့ရတဲ့ ဦးဆောင်ပါတီကြီးကိုလည်း အားနာရ တယ်။ အခြေအနေပေးရင် ခေတ်ပြောင်းတော်လှန်ရေး အလံ တော်အောက်မှာ အတူစုံခဲ့ကြတဲ့ မိတ်ဆွေတွေနဲ့ စကားလက်ဆုံ ကြပြီး ထွေရာလေးပါးပြောချင်သေးတယ်။ ဘဝတွေလည်းစုံခဲ့ပြီ၊ ဖြတ်သန်းမှုတွေလည်း အသင့်အတင့် ရှိခဲ့ပြီမို့ မိတ်ဆွေတို့ရဲ့ ဘဝ အသိကလာတဲ့ စကားတွေကို ကျွန်တော် တလေးတစား နာ ယူချင်ပါသေးတယ်။ ဆုံကြဦးမယ်လေ။ ပျော်ပျော်ပါးပါးပေါ့။
#mawkun #magazine #chronicle #forgotten #mg_u_yin #flag #standing

